မြစ်ကြီးနား ဇူလိုင် ၁၃
စိုက်ပျိုးရေးသိပ္ပံကျောင်းသားများအား လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့အသုံးပြုလျက်ရှိသည့် စက်ကိရိယာများအား ရင်းနှီးသိရှိပြီး ကိုင်တွယ်အသုံးပြုမောင်းနှင်ရာတွင် အခြေခံသိသင့်သည့် အချက်များနှင့်ပတ်သက်၍ ပညာဗဟုသုတများရရှိစေရေး ကချင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၉)စက်မှုလယ်ယာစခန်း(မြစ်ကြီးနား)နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းတို့ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်က ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ပေးခြင်းအားဖြင့် တောင်သူများ၏ သမရိုးကျလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးလာစေရေး၊ စက်မှုလယ်ယာလုပ်ငန်းဆိုင်ရာများကို ပိုမိုသိရှိလာကြပြီး ပေါင်းစပ်ဆောင်ရွက်လာနိုင်မည်ဖြစ်ကာ လိုအပ်မှုများကို ဌာနနှင့်တောင်သူများအကြား အပြန်အလှန်ဆက်စပ်ဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသတွင်း တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာရေး ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။
အလားတူ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးက သင်တန်းသား/သင်တန်းသူများအား သင်ခန်း စာများကို စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ငန်းခွင်အသုံးချနိုင်ရန် ကြိုးစားသင်ယူကြရေးနှင့် စက်မှု လယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်က သင်တန်းတွင်ပို့ချပေးသွားမည့် သင်ခန်းစာများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ သင်တန်းကို စက်မှုလယ်ယာဦးစီးဌာနမှ သင်တန်းနည်းပြ ၅ ဦးတို့က သင်တန်းသား/ သင်တန်းသူ (၃၁)ဦးတို့အား လယ်ယာလုပ်ငန်းခွင်များ၌ လက်တွေ့အသုံးပြုလျက်ရှိသည့် လက်တွန်း ထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်များ မောင်းနှင်ရာတွင် အခြေခံသိသင့်သည့် အချက်များ၊ စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းနည်း၊ စနစ်တကျ လယ်မြေဖော်ထုတ်ခြင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သိရှိလိုက်နာရမည့် ကိစ္စရပ်များကို ဇူလိုင် ၁၃ ရက်နေ့မှ ဇူလိုင် ၂၄ ရက်နေ့အထိ စာတွေ့/လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်