မိုင်းခုတ် ဇူလိုင် ၁၃
ဝါဆိုလပြည့်ကျော်(၁)ရက်နေ့၊ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ရှိ ဘုရား၊ စေတီပုထိုးများတွင် လာရောက်ဖူးမျှော်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ရှမ်းလူမျိုးများ၏ ထုံးစံအရ ယနေ့ဝါဆိုလပြည်ကျော်(၁)ရက်နေ့သည် ဥပုသ်နေ့ဖြစ်ပြီး မိုင်းခုတ်မြို့အတွင်းရှိ ဘုရားစေတီပုထိုးများဖြစ်သော ရွှေကျီးငိုစေတီတော်၊ လာဘမုနီစေတီတော်၊ ဝမ်ပုံစေတီတော်၊ လွယ်မောစေတီတော်နှင့် ဘုန်းကြီးကျောင်းများတွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းဆက်ကပ်လှူဒါန်းသူများ၊ ဥပုဒ်သီလစောင့်တည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရှမ်းလူများ၏ ဓလေ့အရ အသားဟင်းထုတ်များချက်၍လည်းကောင်း၊ ရှမ်းအစားအစာ ကောက်ညှင်းထုတ်များပြုလုပ်၍ လည်းကောင်း ဘုန်းကြီးကျောင်းများသို့ လှူဒါန်းခြင်း၊ သက်ကြီး၊ ဝါကြီး အဘိုး၊ အဘွားများ ဂါရဝပြုခြင်းနှင့် ခင်မင်သူများအား လိုက်လံပေးဝေခြင်းတို့ ပြုလုပ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)