ကမာရွတ် ဇူလိုင် ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က ပြည်သူ့များအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရူတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာမပေါက်ပေါက်မှ ဦးဆောင်၍ အဖွဲ့ဝင် ဒေါ်ခင်ထွေးရီက စာရေးဆရာမ ပေါက်ပေါက်ရေးသားသည့် ကျန်းမာသုခ၊ လူနေမှုဘဝ စာအုပ်မှ သေရည်သေရက်နှင့် ကျန်းမာအောင် အသက်ရှုခြင်းလမ်းညွန်ကိုလည်းကောင်း ဒေါ်လှလှကသက်စောင့်ဆေးများ၊ ရေမသောက်သင့်သည့်အချိန်၊ ရယ်မောခြင်းဖြင့်ကျန်းမာဖို့၊ ရေခဲသတ္တာထဲတွင် သိမ်းမထားသင့်သည့် အစားအသာများတို့ဖြင့်လည်းကောင်း မောင်ညီညီက ဆေးလိပ်သောက်ခြင်း စိတ်ကိုချိုးနှိမ်ခြင်း၊ အိပ်စက်ခြင်းနှင့်ကျန်းမာရေး၊ သစ်သီဝလံနှင့် ဟင်းသီးဟင်းရွက်များကို ဆေးကြောသန့်စင်နည်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စိမ်းလဲ့