ရန်ကင်း ဇူလိုင် ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ယနေ့နံနက်ပိုင်း အချိန်မှစတင်ကာ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းကြသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းတစဦးမှလည်း ယခုလိုပြောကြားခဲ့ပါတယ်“ ဝါဆိုလပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင်ဘုရားအဖြစ်ကို ရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဦးဟောကြားသည့် နေ့တစ်နေ့ဖြစ်သည့်အတွက် ယနေ့လိုထူးခြားသည့် ဝါဆိုလပြည့်နေ့တွင် ဝန်ထမ်းများ အလုပ်ပိတ်ရက်လည်းဖြစ်ရာ ကျွန်မတို့မိသားစုတွေဘုရားတွင် ကုသိုလ်ယူနိုင်ကြောင်းဝမ်းမြောက်ဖွယ်ပြောကြားခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများသည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီစိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် ကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်