နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး

နေပြည်တော်  ဇူလိုင် ၁၃

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နေပြည်တော်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား နေပြည်တော်ကောင်စီ အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ဂုဏ်ပြုဆုများကိုလည်း ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဂုဏ်ပြုပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးလှိုင်စိုးသန့်က ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့်အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  နေပြည်တော်ကောင်စီအဖွဲ့ဝင်များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)