မိုင်းယန်းမြို့နယ်၌  နေကြာသီးနှံဝတ်မှုံကူးပွဲတော် ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့များထောက်ပံ့ပေးအပ်

မိုင်းယန်း ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ ဝတ်မှုံကူးပွဲတော် ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် နေကြာသီးနှံစံပြ စိုက်ကွက်(၅)ဧက စိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးခင်မောင်သန်းက နေကြာသီးနှံ ဝတ်မှုံကူးပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်  နေကြာသီးနှံကျယ်ပြန့်စွာ စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာကာ  ထိန်းသိန်းစောင့်ရှောက်မှု လွယ်ကူသောသီးနှံဖြစ်သည့် အပြင်  စားသုံးဆီဖူလုံနိုင်ပြီး မိသားစုဝင်ငွေတိုးတက် ရရှိစေနိုင်သောကြောင့် တောင်သူများအနေဖြင့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ရှိသူများက ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များနှင့် ပဲပုပ်မျိုးစေ့များကို ထောက်ပံ့ပေး အပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ နေကြာသီးနှံစိုက်ပျိုးရာတွင် မိုးဦးကာလတွင် မေ၊ ဇွန်နှင့် မိုးနှောင်းကာလတွင် ဇူလိုင်၊ ဩဂုတ်လများ၌ စိုက်ပျိုးနိုင်ပြီး ၃ လခန့်အကြာတွင် စတင်ရိတ်သိမ်းနိုင်ပြီး မိုင်းယန်းမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေကြာသီးနှံစိုက်ပျိုးဧက ၂၀၀ ကျော်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး