မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန်မသင့်သည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

မူဆယ် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန်မသင့်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းကို ယနေ့နံနက် ၁၀း၃၀ နာရီအချိန်က မူဆယ်အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်း ဖျက်ဆီးကွင်း၌ မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံထုတ် စားသောက်ကုန်မီးရှို့ဖျက်ဆီးရာတွင် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်သော(၇)ဦးအဖွဲ့ဖြင့် တရုတ်နိုင်ငံထုတ်စီးကရက် ၄၄ တောင့်၊ တရုတ်နိုင်ငံထုတ်ကြက်အူချောင်း(1×3.5Kg) ၄၄၁၈ ဖာနှင့် (1×4Kg) ၁၆၅၀ ဖာ၊ တရုတ်နိုင်ငံထုတ်မုန့် (1×2 Kg) ၁၂၀၀ ဖာနှင့် တရုတ်နိုင်ငံထုတ်နေကြာစေ့ ၅၆၈ ကီလိုတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုး (၅၉၀၅၃၂၀၀)သိန်းခန့်ရှိကြောင်း သိရသည်။

ယင်းမီးရှို့ဖျက်ဆီးခြင်းကို မူဆယ်မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဌေး၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဖြိုးဝေ၊ မူဆယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ အကောက်ခွန်ဦးစီးဌာနဦးစီးအရာရှိ ဦးကျော်ကျော်လွင်နှင့်  သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)