ပင်းတယ ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည် ပြိုင်ပွဲအား ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက ကျောင်းသား လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်စွမ်းရည် မြှင့်မားလာစေရန် ရည်ရွယ်၍ ဤပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တို့ကျေးရွာဂျာနယ်ပါ အယ်ဒီတာ့အာဘော်နှင့် အထူးဆောင်းပါး၏ မြန်မာအမျိုးသမီးများနှင့် အမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းမှု အကြောင်းအရာများအား အသီးသီးဖတ်ကြားပြိုင်ပွဲဝင်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် စကားလုံးပီသမှု၊ အသံအဖြတ်အတောက်၊ ကြည်လင်ပြတ်သားမှု၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုများအား စစ်ဆေးအကဲဖြတ်ကာ ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများနှင့်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)အနေဖြင့် ကျောင်းသားလူငယ်များနှင့် အများပြည်သူ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အေးအေးလတ်