မောက်မယ်မြို့နယ်၌ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ

 

မောက်မယ် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး  ရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်၁၁နာရီက  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းနည်းပြနှင့် သင်တန်းသူ/သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်သင်တန်းသားများ(၂၀)ဦးတက်ရောက်ပြီး အဆိုပါသင်တန်းအား ဇူလိုင်လ(၁၃)ရက်နေ့မှ(၂၂)ရက် အထိ ဆယ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)