မိုးနဲ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဝါဆိုသင်္ကန်းကပ်လှူခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူခြင်း အခမ်းအနားမစတင်မီ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြသည်။ ထို့နောက် ရတနာသုံးပါးကန်တော့ခဲ့ကြပြီး သံဃာတော်များမှ ပရိမေတ္တာ ပြန်လည်ရွတ်ဖတ်ပေးခဲ့ကြပြီးနောက် သင်္ကန်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုကပ်လှူခြင်းနှင့် ဘုန်းကြီးကျောင်းအသစ်ဆောက်လုပ်ရာတွင် အသုံးပြုရန်ဝတ္ထုငွေတို့ကို ကပ်လှူခဲ့ကြကာ တရားနာရေစက်ချအမျှဝေပြီးနောက် သံဃာတော်များအား ပြန်လည်ကန်တော့၍ ဗုဒ္ဓသာသနံစိရန်တိဠတု (၃) ကြိမ်ရွတ်ဆို အခမ်းအနားပိတ်သိမ်းခဲ့ကြသည်။
အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူရာတွင် ဒေဝီ၁၂(ပါးဂူ)ရှိ ဘုန်းတော်ကြီးကျောင်း အသစ်ဆောက်လုပ်ရာတွင်အသုံးပြုရန် လှူဒါန်းငွေကျပ် ၁၈ သိန်းတိတိကိုလည်းကောင်း၊ နဝကမ္မအလှူငွေကျပ် တစ်သိန်း ၇ သောင်းကိုလည်းကောင်း၊ ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်ဝတ္ထုတို့ကိုလည်းကောင်း စုပေါင်းလှူဒါန်းပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများ ဆရာ/ဆရာမများနှင့် အလှူရှင်များ၏ လှူဒါန်းမှုမှရရှိငွေ စုစုပေါင်းငွေကျပ် ၂၀၇၆၆၀၀ တိတိကို လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)