ကော့မှူး ဇူလိုင် ၁၃
၂၀၂၂ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးခင်ဇော်တို့က ဗိုလ်ချုပ်အောင်ဆန်းသည်တိုင်းပြည်အတွက် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လှုပ်ရှားခဲ့သောကြောင့် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ၁၂၄နှစ် တိတိ ဆုံးရှုံးခဲ့သော မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ တုနှိုင်းမမီသောကိုယ်ရည်ကိုယ်သွေး၊ ကိုယ်ကျင့်တရား၊ စွမ်းဆောင်မှုများ ၊စည်းလုံးညီညွတ်မှု အတွက်ဆိုလျှင် သူမတူအောင်သည်းခံနိုင်မှုများ ၊ဩဇာအာဏာ၊ ရာထူးဂုဏ်ရှိန် စည်းစိမ်တို့ကို မမက်မော၊ ကိုယ်ကျိုးရှာငို့ဘသမားများအား စက်ဆုပ်ရွံရှာ၊ ပြောသလိုလုပ်၊ လုပ်တတ်မှုများနှင့် ဟန်ဆောင်မှုမပါပကတိရိုးသားစွာဖြင့် ပြောကြားခဲ့သောအမှာ စကားများကိုမြန်မာပြည်ရှိ တိုင်ရင်းသားပြည်သူတစ်ရပ်လုံးက ယနေ့ထက်တိုင်အောင် မမေ့နိုင်ကြသေးကြောင်း၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့သော လူထုအစည်းအဝေးပွဲ၌ တိုင်းပြုပြည်ပြုလွှတ်တော်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လုပ်ငန်းစဉ်အကြောင်းကို ပြည်သူလူထုအား အစီရင်ခံပြောကြားပြီးနောက် တိုင်းပြည် အတွက်ဗိုလ်ချုပ်အောင်ဆန်းက နောက်ဆုံးအမှာစကားပြောကြားခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး၊စည်းနဲ့ ကမ်းနဲ့သဘောမျိုးဖြစ်တယ်၊ စည်းနဲ့ကမ်းနဲ့ရှိမှသာ လွတ်လပ်ရေးဆိုတာဖြစ်နိုင်ကြောင်း၊ လွတ်လပ်ရေးရတဲ့အခါ အခွင့်အရေးတွေပိုရလာသလို တာဝန်တွေလည်း ပိုလာမယ်၊လွတ်လပ်ရေးရတဲ့အခါ မြန်မာပြည်ကိုကာကွယ်ဖို့ တာဝန်ဟာ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်ကြောင်း၊ မြန်မာတိုင်းမြန်မာတိုင်း အရွယ်ရောက်သူမှန်သမျှ စစ်မှုမထမ်းမနေရဥပဒေနဲ့ စစ်ထဲဝင်ရမည်ဟု ပြောကြားခဲ့ကြောင်း ၊မြန်မာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာသွားပြီး ကောင်းနေပြီး တကယ်နေရာတွေကျတော့ အသုံးမကျဘူး၊ မြန်မာ ပြည်လွတ်လပ်ရေးရအောင်ဆိုတာမျိုးမှာအသုံးမချတတ်ဘူး၊ မြန်မာမြန်မာချင်းချဖို့မှာဘဲ လုပ်ချင်တယ်၊ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှအကျိုးမရှိဘူး၊ ဒီတိုင်းပြည်ဘယ်တော့မှပြန်လည် မထူထောင်နိုင်ဘူး၊ ဒီတိုင်းပြည်ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး၊ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနနလွတ်လပ်ရေးမဖြစ်နိုင်ဘူးဟု နောက်ဆုံးမှာကြားခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်အနာဂတ်အတွက် ပြည်သူလူထုနားထဲဝင်အောင် တစ်တစ်ခွခွပြောကြားခဲ့ပြီး တိုင်းပြည်ကောင်းစေချင်သော၊ ညီညွတ်စေလိုသော စေတနာဆန္ဒဖြင့် နောက်ဆုံးမှာကြားခဲ့ကြောင်း လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာတည်သရွေ့ကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ကျော်သူရ