မိတ္ထီလာခရိုင်တွင် ဒေသတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည် ဖြန့်ဖြူးရောင်းချနိုင်ရေး မိုးနေကြာစိုက်ဧက  ၅၈၀ ကျော်ရှိသည့်အနက် မျိုးစေ့ထုတ်စိုက်ဧက ၁၈၀ ကျော် စိုက်ပျိုးထား

မိတ္ထီလာ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၌ ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေး မိုးနေကြာစိုက်ဧက ၅၈၀ ကျော်ရှိသည့်အနက် မျိုးစေ့ထုတ်စိုက်ဧက ၁၈၀ ကျော် စိုက်ပျိုးထားရှိကြောင်း မိတ္ထီလာ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့်တစ်ဧက ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့အပြင် သီးထပ်သီးညှပ် အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင်း ဒေသခံတောင်သူများက နှစ်စဉ်နေကြာသီးနှံကို မိုးဦးနှင့် မိုးနှောင်းရာသီ တို့တွင် စိုက်ပျိုးလျက်ရှိသည်။

ယင်းသို့စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးနေကြာကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးကြရာ ယနေ့အထိ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ၂၆၇ ဧက၊ မလှိုင်မြို့နယ်တွင် ၁၀ ဧက၊ သာစည်မြို့နယ်တွင် ၂၆၇ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၄၃ ဧက စိုက်ပျိုးထားရှိသည်။ အဆိုပါစိုက်ဧကများအနက် မိတ္ထီလာခရိုင်အတွင်း နေကြာမျိုးကောင်းမျိုးသန့်စိုက်ဧကများ တိုးတက်ရေးအတွက် နေကြာမျိုးစေ့ထုတ်စိုက်ဧကအဖြစ်  ၁၈၁   ဧကစိုက်ပျိုးပြီး ထွက်ရှိလာသည့် မျိုးများကို ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား ပြန်လည်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်သည်။ ယင်းသို့ မိုးနေကြာ မျိုးစေ့ထုတ်ဧကစိုက်ပျိုးရာတွင် ဆင်းရွှေကြာ-၂ နှင့် ရေဆင်းစပ်မျိုး-၁ မျိုးတို့ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)