ကျောက်ပန်းတောင်း ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ဖြစ်သည့် ယမန်နေ့ညနေပိုင်းတွင် မြို့ပေါ်ရှိတန်ခိုးကြီးဘုရားစေတီများနှင့် ပန်းခြံတို့တွင် ကုသိုလ်ပြုသူ ဘုရားဖူးပြည်သူများ၊ အပန်းဖြေလာရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ဗုဒ္ဓဘာသာဝင်များ၏ အခါကြီးရက်ကြီးများဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့ အစရှိသည့် နေ့ထူးနေ့မြတ်များတွင် မြို့ပေါ်ရှိ ဆုတောင်းပြည့် မဟာစေတီကြီးဘုရား၊ ကုန်းတော်ကြီးဘုရား၊ မြို့ဦးအောင်စေတီဘုရား၊ မြတ်ရွှေဂူဆုတောင်းပြည့်ဘုရား၊ သုံးဆူတန်းဘုရား၊ ရွှေတောင်ဦးဘုရားနှင့် သက်တော်ရ/ သက်တော်ရှည်ဘုရား အစရှိသည့် ဘုရားပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ အဟာရဒါနပြုလုပ်သူများ ဖြင့် စည်ကားများပြားလေ့ရှိပြီး၊ ဘုရားစေတီများသို့ ညနေ (၃) နာရီခန့်မှစတင်၍ ကိုယ်ပိုင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ဟိုက်ဂျက်ယာဉ်ငယ်များ၊ သုံးဘီးထော်လာဂျီများဖြင့် မိသားစုအလိုက် သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းများစုဖွဲ့၍ သော်လည်းကောင်း၊ လှည့်လည်သွားလာဘုရားဖူးခြင်း အနားယူ အပန်းဖြေခြင်းများပြုလုပ်လေ့ရှိကြရာ၊ ယနေ့တွင် အဆိုပါဘုရားပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ ကုသိုလ်ပြုလုပ် သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)