ရွှေတိဂုံစေတီတော် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ဝါဆိုရွှေကြာသင်္ကန်းကပ် လှူပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ကျင်းပ

ရန်ကုန် ဇူလိုင် ၁၃

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာနေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ အာရုံမုခ်ဦး(၄)ခုရှိ ပွင့်တော်မူပြီးသော ဘုရားလေးဆူနှင့်အထက် ပစ္စယံပတ္တမြားမျက်ရှင် ရုပ်ပွားတော်တို့ကို ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား၊ ဓမ္မစကြာအခါတော်နေ့ အခမ်းအနားနှင့် ဝါတွင်းသီလခံယူပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်သည်။

 ယမန်နေ့နံနက် ၅ နာရီအချိန်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပြီးနောက် နံနက်  ၆ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်း၌ ဓမ္မစကြာဒေသနာတော်ကို စုပေါင်းရွတ်ဆိုပူဇော်ကြသည်််။

နံနက် ၇ နာရီအချိန်တွင် ဝါဆိုရွှေကြာသင်္ကန်း လှည့်လည်ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းရှေ့စုရပ်မှ ရင်ပြင်တော် တစ်ပတ်လှည့်လည်ပူဇော်၍ အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏဂမနရုပ်ပွားတော်၊ အနောက်ဘက် အာရုံခံမုခ်ဦး အတွင်းရှိကဿပရုပ်ပွား တော်၊ မြောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်နှင့်အထက် ပစ္စယံပတ္တမြားမျက်ရှင် ရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဦးဆောင်၍ ဝါဆိုရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

နံနက် ၉ နာရီခွဲအချိန်တွင်ပြုသော ကောင်းမှုအစုစုတို့အတွက် ရေစက်ချအခမ်းအနားနှင့် ဝါတွင်းသီလခံယူပွဲအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဘုရားဖူးပြည်သူများက ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိဘဒ္ဒန္တပဝရာဘိဝံသထံမှ နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသိန်းထွဋ်မောင်က ယနေ့ပြုခဲ့သော ကုသိုလ်တော်များအား ဆရာတော်ကြီးများထံ လျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များကဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများနှင့် အများပြည်သူတို့က ဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဘဒ္ဒန္တဝါယာ မိန္ဒာဘိဝံသ (ရေစကြိုဆရာတော်)ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြသည်။

အခမ်းအနားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက သြဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ကြကြောင်း သိရသည်။

အောင်မြင့်