ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၁၂၀၀ ကျပ်တွင် အတက်အကျ ဈေးနှုန်းမရှိဘဲရပ်တန့်နေ

ညောင်ဦး  ဇူလိုင်   ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ ဈေးနှုန်း ၁၂၀၀ ကျပ်ဖြစ်နေပြီး ဈေးအတက်အကျမရှိဘဲ ကြက်သွန်နီဈေး တည်ငြိမ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ မုန့်ကုန်းကျေးရွာ ကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးမင်းညိုထံက သိရသည်။

ဆောင်းကြက်သွန်နီဈေးနှုန်းများ မေလ၊ ဇွန်လတို့တွင် ကြက်သွန်နီတစ်ပိသာ ၁၅၀၀ ကျပ်မှ ၁၆၀၀ ကျပ်ဈေးထိ ဈေးနှုန်းတက်ခဲ့ပြီး ဇူလိုင်လပထမပတ်မှာပင် ကြက်သွန်ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ပြီး တစ်ပိသာ ၁၂၀၀ ကျပ်ဖြစ်နေခဲ့ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ အများအပြား စိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက် စိုက်ပျိုးခြင်း၊ ကြက် မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများ စိုက်ပျိုးခြင်းနှင့်စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ဆောင်းကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ရကြောင်း၊ ရွှေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင် ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်းများ ကြိုတင်လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန်အလုပ်သမား၊ အလုပ်သမငှားရမ်းရခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမ အမြောက်အများ ငှားစိုက်ရခြင်းများက ကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်း စိုက်နေကြဖြစ်နေခြင်းက ကြက်သွန်စိုက်သမားများ နှစ်စဉ်စိုက်ပျိုးစေကြောင်း မုန့်ကုန်းကျေးရွာ ဦးနန်းတင့်က ရှင်းပြသည်။ ဆောင်းကြက်သွန်နီဈေးနှုန်းများ သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးနှုန်းကောင်းမျှော်လင့်နေကြကြောင်း၊ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိတတ်ကြောင်း၊ ကြက်သွန်နီ ဈေးနှုန်းအတက်အကျမရှိဘဲ ၁၂၀၀ ကျပ်ဈေးဖြစ်နေခြင်းက ကြက်သွန်စိုက်ပျိုး တောင်သူများ ထုတ်ရောင်းရမလို၊ ဆက်ပဲလှောင်ထားရမလိုဖြစ်နေကြောင်းလည်း လဲဂွကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဒေါ်ဌေးကြည်ကရှင်းပြ၍ သိရသည်။

ကိုကြေးမုံ