ဗိုလ်တထောင် ဇူလိုင် ၁၃
ဗုဒ္ဓဘာသာဝင်တို့၏အထွတ်အမြတ် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)၌ ဘုရားပုထိုး၊ စေတီများတွင် ဘုရားဖူးသူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးသူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်းကာလျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)၏ ထူးခြားချက်များမှာ ဂေါတမဘုရားလောင်းသန္ဓေနေသောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရားစတင်ဟောတော်မူသောနေ့၊ ရေမီးအစုံတို့ဖြင့် တန်ခိုးပြတော်မူသောနေ့၊ ဘုရားအဖြစ်ကိုဝန်ခံတော်မူသောနေ့၊ တရားရတနာစတင်ပေါ်သောနေ့၊ သံဃာရတနာစတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှအရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် "ဧဟိဘိက္ခူ"ဟူသောစကားကို စတင်ကြားရသောနေ့ထူးနေ့မြတ်ဖြစ်၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားသော နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဝါဆိုရွှေကြာသင်္ကန်းဆက်ကပ်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ သီလဆောက်တည်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းသူများနှင့် ဘုရားဖူးလာရောက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီမြတ်ကြီးသည် သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ဖြစ်ပြီး ရှေးဘုရင်များလက်ထက်ကကိုးကွယ်ခဲ့ကြသည့် ဆုတောင်းပြည့်နန်းဦးဘုရားကိန်းဝပ်စံပ္ပါယ်လျက်ရှိကြောင်းသိရသည်။
သိန်းသိန်း (ဗိုလ်တထောင်)