ကျိုင်းတုံမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း သင်တန်းဖွင့်

ကျိုင်းတုံ ဇူလိုင် ၁၃

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ကြီးမှူးကျင်းပသည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက လူကုန်ကူးမှုများပပျောက်ရေးနှင့်ထိရောက်စွာ တားဆီးနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့်သင်တန်းမှ ဆွေးနွေးပို့ချမှုများကို အမှန်တကယ် မိမိတို့လုပ်ငန်းခွင်မှာ ထိရောက်စွာပြန်လည်အသုံးပြုနိုင်အောင် လေ့လာမှတ်သားကြရန် အမှာစကားပြောကြားပြီး အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးတက်ရောက်ပြီး ဇူလိုင်လ ၁၃ ရက်မှ ၁၅ ရက်ထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်းကူးမှုအခြေအနေများစသည့် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းဆိုင်ရာ သင်ခန်းစာများ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)