လွိုင်လင်မြို့သဘာဝရေပြင်တွင် ငါးမျိုးစိုက်ထည့်

လွိုင်လင်  ဇူလိုင် ၁၃

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ ငါးလုပ်ငန်းဦးစီးဋ္ဌာန၊ လွိုင်လင်ခရိုင် ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ လွိုင်လင်မြို့ မြကန်သာရေကန် သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ ပြုလုပ်ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဋ္ဌာနအနေဖြင့် ဒေသတွင်း ငါးသယံဇာတတိုးပွားစေရန်ရည်ရွယ်၍ သဘာဝရေကန်များတွင် ငါးမျိုးများစိုက်ထည့်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် နှင့်ခရိုင်အဆင့်ဋ္ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများတက်ရောက်ကြပြီး ငါးမြစ်ချင်းအကောင်ရေ (၂၅၀၀၀)နှင့် ရွှေဝါငါးကြင်းအကောင်ရေ (၂၅၀၀၀)တို့ကို လွှတ်ပေးကြရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသော်ဇင်ထွန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းမြင့်တို့ တက်ရောက်ကြသည်။

လွိုင်လင်မြို့နယ်တွင် သဘာဝရေပြင် ဧကပေါင်း(၂၉)ဧကရှိရာ ၂၀၂၂ ခုနှစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းသုံးကြိမ်ဆောင်ရွက်ခဲ့ပြီး ငါးမျိုးပေါင်း (၁၂၀၀၀၀)ကောင်ကို စိုက်ထည့်ပေးနိုင်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူးထံမှ သိရသည်။

လွိုင်လင်မိုး