နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဝါဆိုမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

နမ့်ဆန် ဇူလိုင် ၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောကျောင်းတိုက်ရှိ သံဃာတော်များ၊  ပင့်သံဃာတော်အရှင်မြတ်တို့အား ဝါဆိုမြတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်မြေ-၄ ဓမ္မစကြာဝတ်အသင်းမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာကိုရွတ်ဆိုပြီး မန်ခိုက်ရပ်ကွက် ဓမ္မစကြာဝတ်အသင်းမှ နတ်ပင့်ဂါထာအားဆက်လက်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် မြို့မဂိုဏ်းချုပ်ဆရာတော် နိုင်ငံတော်ဩဝါဒဆရာတော် ဘဒ္ဒန္တဝိမလမှ  ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မြတ်သီလကိုးပါးခံယူ၍ ဥပုဒ်သီတင်းဆောက်တည်ခြင်းနှင့် ကြွရောက်လာသော ဧည့်ပရိသတ်များမှ ဩကာသကန်တော့ချိုးဖြင့် ညီညီညာညာ ပူဇော်ကန်တော့ကြပါသည်။

မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကုမာရမှ” ဓမ္မစကြာအခါတော်နေ့နှင့်ပတ်သက်သော ဩဝါဒ” တရားတော်မွက်ကြား ချီးမြှင့်ပေးတော်မူပြီး ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းက ဆရာတော်ထံမှရေစက်ချ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းပြီး ဆွမ်း၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)