ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေတိဂုံစေတီတော်မြတ်ကြီး ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ ရေစက်ချအခမ်းအနားသို့ တက်ရောက်

ရန်ကုန် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲ နှင့် ဓမ္မစကြာ အခါတော်နေ့ ရေစက်ချအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဓမ္မစကြာ အခါတော်နေ့ ရေစက်ချအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ဆရာတော်ထံမှ အခမ်းအနား တက်ရောက်လာကြသူများက နဝင်္ဂသီလ ခံယူဆောက်တည်ကြ သည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ကိုယ်စား အလှည့်ကျ သဘာပတိ ဦးသိန်းထွဋ်မောင်က အဖွင့်မင်္ဂလာ စကားလျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား လှူဒါန်းမှု အစုစုတို့အတွက် တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဓန္တဝါယာမိန္ဒာဘိဝံသ တိပိဋက မဟာဂန္တဝင်နိကာယ်ကျောင်းတိုက် ဆရာတော်ထံမှ အနုမော ဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ယနေ့ ၁၃၈၄ ခုနှစ် ဝါဆိုလပြည်နေ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဓမ္မစကြာ အခါတော်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဘုရားဖူးလား ပြည်သူများဖြင့်  အထူးစည်ကားလျက်ရှိကြောင်း သိရ သည်။

အောင်မြင့်(ပြန်/ဆက်)