ဆံတော်ရှင် ဆူးလေစေတီတော်၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပွဲကျင်းပ

ကျောက်တံတား ဇူလိုင် ၁၂

မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါ‌တော်နေ့)၌ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင် ဆူးလေစေတီတော် ဘုရားရင်ပြင်တော်ပေါ်တွင် ယနေ့နံနက် ၇ နာရီက ဝါဆိုရွှေကြာသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို နမောတဿ ဟသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ ဩကာသကန်တော့ချိုးဖြင့် ငါးသီလခံယူပြီး ဆုတောင်းပါဠိတော်တို့အား သံပြိုင်ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် စေတီတော်၏ အရှေ့ဘက်မုခ်၊ အနောက်ဘက်မုခ်၊ တောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ်တို့အားတာဝန်ရှိသူများက ဝါဆိုရွှေကြာ သင်္ကန်း ကိုင်ဆောင်ကာ လှည့်လည်ပူဇော်ခဲ့ပြီး အရှေ့ဘက်မုခ်ရှိ ကကုသန္တဘုရားရှင်၊ အနောက်ဘက်မုခ်ရှိ ကဿပဘုရားရှင်၊ တောင်ဘက်မုခ်ရှိ ကောဏာဂမန ဘုရားရှင်နှင့် မြောက်ဘက်မုခ်ရှိ ဂေါတမဘုရားရှင်တို့အား ဝါဆိုရွှေကြာသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဆူးလေစေတီတော် ဂေါပကအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများစသည့် လူအင်အား ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)