တာမွေ ဇူလိုင် ၁၂
ယနေ့ (၂၀၂၂-ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့)တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ် လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။ (ပုံ-ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူး ပင်စည်ကားနေစဉ်)“ဝါဆိုလပြည့်နေ့ဟာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေထက် ပိုပြီး ထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ကို ရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဦးဟောကြားတဲ့ နေ့တစ်နေ့ ဖြစ်လို့ပါပဲ။ အဲဒါကြောင့် ဒီနေ့လို ထူးခြား လှတဲ့ ဝါဆိုလပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ် ရင်း ဒီတစ်နေ့တာကို ဖြတ်သန်းချင်ပါတယ် ” ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူသူတစ်ဦးက ဆိုသည်။
ဝါဆိုလပြည့်နေ့သည် ဂေါတမဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော် မူသောနေ့၊ ဂေါတမဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက် ဓမ္မစကြာတရားဦး ဒေဿနာတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား မိဂဒါဝုန်တော၌ ဟောကြားတော် မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာပြတော် မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ထိုသို့သော ထူးခြားသည့် ဂုဏ်အင်များနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပြီး ဗုဒ္ဓ ဘာသာဝင်များက ယနေ့ထိတိုင်အထွတ်အမြတ်ထားလျက်ရှိကြောင်း၊ အဆိုပါ ဝါဆိုလပြည့်နေ့တွင် ပဉ္စဝဂ္ဂီ ငါးဦးတို့အား မိဂဒါဝုန်တော၌ ဟောကြားတော်မူသော ဓမ္မစကြာတရားဦး ဒေဿနာတော် သည် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့ကိုလည်းကောင်း၊ အစွန်းတရား နှစ်ပါးတို့ကိုလည်းကောင်း ပြဆိုထားပြီး ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်လည်းဖြစ်ကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော် မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနေ၊ တနင်္ဂနွေနှင့် နေ့ထူးနေ့မြတ် အစိုးရ ရုံးပိတ်ရက်များ၌ နေ့စဉ်နံနက်(၅)နာရီမှ ည(၈)နာရီခွဲအချိန်အထိ ဖွင့်လှစ်ပေးထားပြီး မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)