ပုဗ္ဗသီရိ ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ၁၃၈၄ ခုနှစ်၊ ဝါဆိုလ ပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် (၁၄)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် (၁၃၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်ခဲ့ပြီး စေတီတော်လိုဏ်ဂူအတွင်း အရှေ့အရပ်ရှိ မဟာမဏိဂေါတမ ဗုဒ္ဓပဋိမာရုပ်ပွားတော်အား လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက တောင်အရပ်ရှိ မဟာမဏိမယ ကကုသန္ဓ ဗုဒ္ဓပဋိမာရုပ်ပွားတော်အား လည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အနောက်အရပ်ရှိ မဟာမဏိမယ ကောဏာဂမန ဗုဒ္ဓပဋိမာ ရုပ်ပွားတော်အားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲဝင် ဦးဇေယျာလင်းက မြောက်အရပ်ရှိ မဟာမဏိမယ ကဿပဗုဒ္ဓပဋိမာရုပ်ပွားတော်အားလည်း ကောင်း၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးက အရှေ့မြောက်အအရပ်ရှိ မဟာစုတောင်းပြည့် (ပန်းပေါင်း)ဘုရားအားလည်းကောင်း ရွှေကြာသင်္ကန်းအများနှင့် မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေများကို အသီးသီးကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတမှ တက်ရောက်လာသော ဧည့်ပရိသတ်များအား ပရိတ်တရားတော်နှင့် ဘုရားဂုဏ်တော်များအား ဟောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)