မိုင်းဆတ်မြို့၌ လေထုညစ်ညမ်းမှုကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လေထုညစ်ညမ်းမှုကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လေထုညစ်ညမ်းမှုအဓိပ္ပာယ်များ၊ လေထုညစ်ညမ်းမှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှု လျှော့ချနိုင်သည့်နည်းလမ်းများကို မေးမြန်းဆွေးနွေးရာ ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သစ်သစ်စိုးက လေထုညစ်ညမ်းမှုဖြစ်စေနိုင်သည့် အမျိုးပေါင်း(၁၀၀)ခန့်ရှိကြောင်း၊ စက်မှုလုပ်ငန်းများတိုးပွားလာခြင်း၊ မော်တော်ကား၊ ဆိုင်ကယ်နှင့် စက်ပစ္စည်းတိုးချဲ့သုံးစွဲခြင်းကြောင့် လေထုညစ်ညမ်းလာကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ၊ အပင်များ၊ သက်ရှိသက်မဲ့ပစ္စည်းများ ထိခိုက်ပျက်စီးစေနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

မြင့်မောင်(မိုင်းဆတ်)