မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်က နိုင်ငံဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မော်လမြိုင် ဇူလိုင် ၁၁

၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပြည်နယ်မှ နိုင်ငံလက်ရွေးစင်အားကစားသမားများအား မွန်ပြည်နယ် အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၁၁ ရက် နေ့လည် ၂ နာရီ အချိန်ခန့်တွင် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်းက ယခုလို နိုင်ငံ့ဂုဏ်နှင့် ပြည်နယ်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြသည့် ကစားသမားများအားလုံး၏ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ဘက်ပေါင်းစုံမှ အမြဲတမ်းကြိုးစားအားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ အားကစားသည် ကျန်းမာကြံ့ခိုင်မှု၊  ဇွဲ၊ လုံ့လ၊ ဝိရိယများအပြင် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေကြောင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရေးအတွက် အားကစားကဏ္ဍ၏ အဆင့်အတန်းကို မြှင့်တင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား ပြည်သူများကျန်းမာကြံ့ခိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူငယ်/လူရွယ်များအနေဖြင့် အားကစားတွင် စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့အတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများကို ဖော်ဆောင်ပေးထားလျက်ရှိကြောင်း၊ နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်သည့် အားကစားနည်းများအနက် ပီတန်း အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုနှင့် Kurash အားကစားနည်းဖြင့် ရွှေတံဆိပ်ဆု၊ဂျူဒိုအားကစားနည်းဖြင့် ငွေတံဆိပ်ဆု၊ ဝူရှူး အားကစားနည်းဖြင့် ကြေးတံဆိပ်ဆုများကို ဆွတ်ခူးရယူပေးခဲ့သည့် နိုင်ငံ့ဂုဏ် ဆောင်ထူးချွန်သည့် အားကစားသမားများ ပြည်နယ်မှ ပေါ်ထွန်းလာသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ၀န်ကြီးချုပ်ဇနီး ဒေါ်စန်းစန်းလွင်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးတို့က ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံ့ဂုဏ်ဆောင် Kurash အားကစားသမား ရွှေတံဆိပ်ဆုရှင် မအေးအေးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ စု‌ပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်