လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းများအတွင်း ပတ်၀န်းကျင်သာယာလှပစေရေး၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းစေရေးအတွက် စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က အမှတ်(၆)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအမှတ်(၄)တွင် ပူးပေါင်းဆောင်ရွက်သည်။
ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အရိပ်ရအပင်နှင့် ပန်းအလှပင်များ အပင်(၃၀၀)ခန့် စိုက်ပျိုးခြင်း၊ ကျောင်းဝန်း၊ ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခပ်ခြင်းများကို ဆောင်ရွက်သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်မြက်များရှင်းလင်းခြင်းနှင့် ရေမြောင်းများရှိအမှိုက်များ ဆယ်ယူခြင်းတို့ကို ဆောင်ရွက်ကြပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျောင်းစာသင်ခန်းမနှင့် ခြင်ခို အောင်းနိုင်သည့် နေရာများအား ခြင်ဆေးမှုတ်ခြင်းတို့ကို စုပေါင်းသန့်ရှင်းဆောင်ရွက်ကြသည်။ အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ဇွန်သရဖူ မိုးဦးဆောင်၍ အသင်းအဖွဲ့၀င်ပေါင်း(၄၂)ဦးဖြင့် ဆောင်ရွက်ကြောင်းကို တာဝန်ရှိသူထံမှ သိရသည်။
ခင်ဝင်းမူ