ပုဇွန်တောင် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူများက ကျောင်းကောင်စီသီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒွန်စန်းကျင်က ကျောင်းကောင်စီဖွဲ့စည်းရခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက ရွေးချယ်ထားသောကျောင်းကောင်စီအဖွဲ့ဥက္ကဋ္ဌ၊ အသင်းတာဝန်ခံဆရာ/ ဆရာမ(၅)ဦး၊ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူးနှင့်အသင်းခေါင်းဆောင် ကျောင်းသား(၅)ဦးတို့၏ အမည်စာရင်းများကို ဖတ်ကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အတည်ပြုဖွဲ့စည်းထားကြောင်းကြေညာပြီး ကျောင်းကောင်စီအသင်း(၅)သင်း၏ အလံများအား အသင်းခေါင်းဆောင်များထံပေးအပ်ခဲ့ပြီး ကျောင်းကောင်စီကတိသစ္စာ(၄)ချက်ကိုရွတ်ဆို၍ နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်