ပုသိမ်ကြီးမြို့နယ်တွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၁

စာရေးဆရာ သတင်းစာဆရာကြီးမာဃိန္ဒ (ပုသိမ်ကြီး) ၏ မဟာအတုလမြကျောက်သာသနာနှင့် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တခေမာစာရ၏ သမိုင်းစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ မဟာအတုလမြကျောက် စေတီတော်ပရိဝုဏ်အတွင်းရှိ မဟာအတုလကမ္ဘာလုံး သိမ်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို နမောဗုဒ္ဓဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် မဟာအတုလမြကျောက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တခေမာစာရက အဖွင့်ဩဝါဒချီးမြှင့်တော်မူသည်။ ဆက်လက်၍ စာရေးဆရာမာဃိန္ဒ (ပုသိမ်ကြီး) နှင့် အလှူရှင်များက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး စာရေးသူမှ ၎င်း၏စာအုပ်များအား မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအား ပေးအပ်လှူဒါန်းပြီးနောက် စာရေးဆရာရဟန်းစာဆို တက္ကသိုလ် တေဇာလင်းက မုဒိတာစကားပြောကြားကာ အခမ်းအနားကို ဗုဒ္ဓဿသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆို ပူဇော်ခဲ့ကြသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ မန္တလေးနှင့်ပုသိမ်ကြီးမြို့ပေါ်ရှိ ရဟန်းစာဆိုများ၊ စာရေးဆရာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မေ၀တီ (ပြန်/ဆက်)