မိုင်းဆတ်မြို့၌ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကော်မတီဖလား ဘောလုံးပြိုင်ပွဲကို အ.ထ.က(မိုင်းဆတ်)မှ အသင်း(၅)သင်းဖြင့် အောင်ဇေယျ ဘက်စုံအားကစားကွင်းတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ယှဉ်ပြိုင်ကစားကြမည့် ပြိုင်ပွဲဝင်ကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြပြီး အ.ထ.က(မိုင်းဆတ်)ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းက ထူးချွန်သော ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျောင်းသားများအနေဖြင့် ပညာသင်ကြားရေးသာမက ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် ရလဒ်ကောင်းများရရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်  အနိုင်အရှုံးကို ပဓာနမထားဘဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်၍ သန့်ရှင်းစွာရရှိသော အောင်မြင်မှုမျိုးကိုရရှိအောင် ကြိုးစားကစားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်ကစားသမားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပထမပွဲစဉ်တွင် ယှဉ်ပြိုင်ကစားမည့် အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲကို ဇူလိုင်(၁၁)ရက်မှ (၁၅)ရက်နေ့အထိ (၅)ရက်တာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)