မုဒုံ ဇူလိုင် ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေများပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ရသောကြောင့် သတ်မှတ်ချက်များ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ပေါင်းစပ်ညှိနှိုင်းဆောင် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က တင်ဒါအောင်ကုမ္ပဏီများနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းအဆင့်လိုက်ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီရေး၊ မြေသား၊ မြေဂဝံများ သယ်ဆောင်ရာတွင် စည်းမျဉ်းစည်းကမ်းများအလိုက် ဆောင်ရွက်နိုင်ရေးနှင့် တင်ဒါအောင်ကုမ္ပဏီများက သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ပြေားကြားခဲ့သည်။
မုဒုံမြို့နယ်ရှိ ကျေးရွာ ငါးရွာတွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း ၉၀၇ ဒသမ ၄၅ ခန့်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သည့် ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်း၊ ကျေးလက်ကုန်ထုတ်တံတား လေးစင်း၊ Box Culvert တစ်စင်း၊ ရေပြွန် သုံးစင်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းတစ်ခုတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)