ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရမ်းဗြဲ  ဇူလိုင်  ၁၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးပြီး  ဌာနဆိုင်ရာများစုပေါင်း၍ ၂၀၂၂-ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲကို ယနေ့ နံနက် ၉ နာရီက ရမ်းဗြဲမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရမ္မာဝတီခန်းမ၌ ကျင်းပကြသည်။

အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ရွာပုလဲကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တဝိသုဒ္ဓ

နှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်(၁၁)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထို့နောက် အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး‌နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ ရွာပုလဲကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ဘုရားများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသ‌ရဇ္ဈာယ်ပေးကြသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်များမှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးကြသည်။ ယင်းနောက် ရမ်းဗြဲမြို့၊ ဒက္ခိဏာရာမဝိဟာရ (တောင်ကျောင်း) ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘုရားမှ  အနုမောဒနာတရားချီးမြှင့်၍ ဗဟန္တောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြပြီးနောက်  ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)