တံတားဦး ဇူလိုင် ၁၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးဆောင်ပြီး ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများလှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများလှူဒါန်းပွဲတွင် တံတားဦးမြို အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများက မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင်းဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးသီလခံ ယူဆောက်တည်ပြီး ပင့်သံဃာ(၁၈)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်မှ အနုမောဓနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေ၍ ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
တံတားဦမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူများမှ ဆရာတော်၊ သံဃာတော်များ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ နှစ်စဉ်နှစ်တိုင်းလှူဒါန်းနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်ထံမှ သိရသည်။
ရဲတင့်