ကျောက်ပန်းတောင်း ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးဌာနမိသားစုမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပညာရေးမှူးရုံး စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်မြတ်ရွှေဂူစာသင်တိုက်ကြီးမှ ဆရာတော် ဘဒ္ဒန္တဓမ္မာဝုဓအမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၅) ပါး ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဧည့်ပရိတ်သတ်များက ဆရာတော်ဘဒ္ဒန္တဓမ္မာဝုဓ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် ဟောကြားသည့် အနုမောဒနာတရားများကိုနာကြားကြကာ၊ ဆရာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ကိုရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးဒေါ်မော်မော်နှင့် ဆရာကြီး/ဆရာမကြီးများက ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး၊ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသာနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းလိုက်သည်။ ယင်းနောက် မြို့နယ်ပညာရေး မှူးဒေါ်မော်မော်နှင့် ဆရာကြီး/ ဆရာမကြီးများက ဆရာတော်အရှင်သူမြတ်များအား ဆွမ်းခဲဘွယ်ဘောဇဉ်များကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပညာရေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးသင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူးရုံးဝန်ထမ်းများ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)