လင်းခေးမြို့နယ် ဝမ်ကွန်ကျေးရွာတွင် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးချောင်းကူး သစ်တံတားသစ်အား  ကျေးရွာသူကျေးရွာသားများ၏ စုပေါင်းအားဖြင့်တည်ဆောက်

လင်းခေး ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ဝမ်ကွန်ကျေးရွာတွင် ပန်ကျိုင်းကျေးရွာ ဝမ်ကွန်ကျေးရွာနှင့် ဝမ်မိုင်ကျေးရွာ၊ ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး ချောင်းကူး (သစ်တံတားသစ်)တည်ဆောက်ခြင်းကို ကျေးရွာသူကျေးရွာသားများ၏ စုပေါင်း အားဖြင့် လွန်ခဲ့သည့် ဇွန်လ(၂၄)ရက်နေ့မှ စတင်တည်ဆောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတံတားသစ်အား ဝမ်ကွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိမလဘိပါလ၏ ဦးဆောင်ဦးရွက်မှုဖြင့် ကျေးရွာ(၅)ရွာနေပြည်သူများ စုပေါင်းတည် ဆောက်လျက်ရှိခြင်း ဖြစ်ပါသည်။

၎င်းတံတားသစ်အား တည်ဆောက်ရခြင်း၏ရည်ရွယ်ချက်မှာ လင်းခေးမြို့နယ်၊ ဝမ်ကွန်ကျေးရွာ နေကျေးရွာပြည်သူများသာမက တဆက်တစပ်တည်း ဆက်စပ်လျက်ရှိသော ကျေးရွာ (၅)ရွာနေ ပြည်သူများအနေဖြင့် မိုးတွင်းကာလ၌ နမ့်တိန်းချောင်းဖြတ်ကူးရာ တွင် ရေဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ကြရခြင်းမှ သွားလာမှုလွယ်ကူစေရန်နှင့် လမ်းပန်းလွယ်ကူလာခြင်းအားဖြင့် ကျေးရွာ များ၏ လူမှု၊ စီးပွား၊ ကျန်းမာရေးဆိုင်ရာကဏ္ဍ အသီးသီးများလည်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် ယခင်မူလဝါးတံတား အဖြစ်မှ သစ်သားတံတားအဖြစ် အသစ်မွမ်းမံတည် ဆောက်ရခြင်းဖြစ်ပါကြောင်း ဆရာတော်ထံမှ သိရပါသည်။

ဆရာတော်ဘဒ္ဒန္တဝိမလဘိပါလက “ဒီ သစ်တံတားသစ်ကြီး     တည်ဆောက်ပြီးစီးသွားခဲ့ပြီဆို လျင် ဝမ်ကွန်ရွာမှ အနာဂတ် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ ကျောင်းသွား၊ ကျောင်းလာရ၊ ရေဘေးအန္တရာယ်မှလွတ်ကင်းသွားမည် 

အတိတ်ကာလနှစ်များက လယ်ယာခြံလုပ်ကူးလူး သွားလာရာ၌ လောင်းလှေကိုသာ အားကိုး အားထားပြုခဲ့ကြရခြင်းကြောင့် မမျှော်လင့်ပဲ လှေမှောက်၊အသက်များစွာ ဆုံးရှုံးခဲ့ကြရတဲ့ ဒုက္ခများမှ လွတ်ကင်းကြမည်ဖြစ်ကြောင်း၊  ဝမ်ကွန်ရွာ၏ ချောင်းအနောက်ဘက်ကမ်း၌ မူလ တန်းကျောင်း၊ အထက်တန်းကျောင်းများသို့ နေ့စဉ်ကျောင်းတက်သွားနေကြရသောသား သမီးများအတွက် မိဘများမှ စိတ်ပူပန်ခြင်းလှေစီးရေဖြတ်ကူး၍ အိမ်သို့မ ရောက်မလာမချင်း စိတ်ပူပန်နေရကြခြင်းများကင်းဝေးစေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဤတံတားသည် ချောင်း အရှေ့တစ်ဘက် ကမ်းရှိဝမ်ကွန်ကျေးရွာနှင့် တဆက်တစပ်တည်းရှိ ဝမ်မိုင်ကျေးရွာနေ ရွာသူရွာသားများမက ဆက်စပ်နေသော ကျေးရွာပေါင်းမြောက်များစွာမှ ပြည်သူလူထုတို့၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့်စီးပွားရေး၊ လူမှုရေး၊ ဘာသာသာသနာအရေး၊ ကျန်းမာရေးသာမက လမ်းပန်းဆက်သွယ်ရေးများအတွက် အသက်သွေးကြော ပမာရပ်တည်ပေးသွားနိုင်မည့် တံတားတစ်စင်းဖြစ်သည်ဟုဆိုလျင်လည်း မမှားနိုင်ပါကြောင်း၊ ပန်ကျိုင်း၊ဝမ်ကွန်၊ဝမ် မိုင်ကျေးရွာနေ ပြည်သူများ အတွက်သာမက၊ ပုန်းထွန်၊ ဟွေဟေးနှင့် လွိုင်လုံပန်တဝိ ဒေသနယ်တစ်ဝိုက်အထိရှိ ပြည်သူလူထုများ၊ လင်းခေးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြကုန်သော အများပြည်သူတစ်ရပ် လုံးအတွက် အထိုက်အလျောက် ကူးသန်းသွားလာမှုအား များစွာအကျိုးပေါ်ထွန်းစေနိုင် မည်ဖြစ်ပါကြောင်း ဆရာတော်က ရှင်းလင်းပြောကြားခဲ့ချက်အရ သိရပါသည်။

ထို့အပြင်  မူလအစက တစ်နှစ်လျင်တစ်ကြိမ် နှစ်စဉ်ပြန်လည်ပြုပြင်နေရသည့် ဝါးတံတားတည်ဆောက်ထိန်းသိမ်းကြရသော ဝါးတံအဆင့်မှ ပိုမိုခိုင်ခံ့သောသစ်တံတားကြီးတစင်းအဖြစ် ရေရှည်အသုံးပြု ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ပါကြောင်း  ဦးဆောင်ဆရာတော်ထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)