မြစ်ကြီးနား ဇူလိုင် ၁၁
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေသော အတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍ တိုးတက်မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်လျက် ရှိရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေ သကဲ့သို့ တက္ကသိုလ်အသီးသီးမှလည်း စိတ်အားထက်သန်စွာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်မှသာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ မူလပန်းတိုင် ဖြစ်သည့် အင်ဂျင်နီယာကောင်းများဖြစ်လာစေရန် လိုအပ်သကဲ့သို့ ယခုလိုမေဂျာအလိုက် အားကစားပြိုင်ပွဲမှ တက္ကသိုလ်အဆင့်ပြိုင်ပွဲ၊ တက္ကသိုလ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်ဖြစ်သည်အထိ ဘက်စုံထူးချွန်အောင် ကြိုးစား ကြရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်းမင်းဦးက ကျောင်းသား၊ ကျောင်းသူများအား မေဂျာအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် တတ်စေပြီး ကိုယ်ကာယ ကြံ့ခိုင်သူများ ဖြစ်လာစေရေး၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ နည်းပြဆရာ၊ ဆရာမများက ဖူဆယ်အားကစား ပြိုင်ပွဲဝင် မေဂျာအလိုက် အမျိုးသားအသင်း (၄)သင်း၊ အမျိုးသမီးအသင်း (၃)သင်းနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲဝင် ကစားသမား ၁၅ ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါ မိုးရာသီ ပါမောက္ခချုပ်ဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲများကို ၁၃.၇.၂၀၂၂ ရက်နေ့မှ ၁၈.၇.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရအသင်းများ အား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်