ရန်ကင်း ဇူလိုင် ၁၁
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိရွှေစင်က ၁၉ ဇူလိုင် မမေ့နိုင်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုလည်းကောင်း၊ အာဇာနည်နေ့အကြောင်းအရာနှင့်ပတ်သက်သော စိတ်ကြိုက်ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲကိုလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်စေပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက် အသက်ပေး၍ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ယနေ့ထိတိုင်မမေ့နိုင်သည်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကိုကျင်းပရာ အလယ်တန်းအဆင့်ကျောင်းသား/ သူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ သူများက ရန်ကင်းမြို့နယ်ရုံးတွင် ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
အိရွှေစင် (ပြန်/ဆက် )