ပင်လောင်းမြို့နယ်တွင် Mobile Team အစီအစဉ်ဖြင့် အလုပ်သမားလေဘာကတ် ကွင်းဆင်းပြုလုပ်ပေး

ပင်လောင်း ဇူလိုင် ၁၁

အများပြည်သူ အလုပ်အကိုင်ရရှိစေရေးအတွက် သွားလာရန်ခက်ခဲသည့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် Mobile Team အစီအစဉ်ဖြင့် အလုပ်သမားလေဘာကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆိုင်ကလုန်းရှက်တာခန်းမတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို အောင်ပန်းမြို့အ လုပ်သမားညွှန်ကြားမှုဦးစီးဌာန(မြို့နယ်ရုံး)မှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်း၊ အငယ်တန်းစာရေး ဦးဇင်မင်းထွန်းတို့က လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ပင်လောင်းမြို့နယ်အတွင်းရပ်ကွက်များ၊ ကျေးရွာအုပ်စုများအတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ ဘွဲ့ရရှိပြီးသူများအနေဖြင့် အလုပ်အကိုင်ရှာဖွေရာတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သော အလုပ်သမားလေဘာကတ်အား အဆင်ပြေလွယ်ကူစွာရရှိစေရေးအတွက် ရည်ရွယ်ချက်ဖြင့် Mobile Team အစီအစဉ်အား လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အလုပ်သမားလေဘာကတ် လာရောက်ပြုလုပ်သော ပြည်သူများအနေဖြင့် လိုအပ်သော အထောက်အထားများဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ပညာအရည်အချင်း အထောက်အထားမိတ္တူများ ပြည့်စုံစွာ ယူဆောင်လာပါက နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)