ချမ်းမြသာစည် ဇူလိုင် ၁၁
ဉာဏ်ရည်၊ ဉာဏ်သွေးပြည့်၀၍ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေ၍ စာပေအသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ ကချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိကလေးစာဖတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်မြင့်ကေသွယ်ခိုင်ကပြိုင်ပွဲ၏ ရည်ရွယ်ချက်များနှင့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း ၅ ကျောင်းမှ အထက်တန်းအဆင့် ၁၅ ဦးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ၁၅ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ ကြီးကြပ် ဆရာ/ဆရာမများ၊ကျောင်းသား/သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း