ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ညောင်ဦး  ဇူလိုင်  ၁၁

ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များ၊ အခြေခံပညာစာသင်ကျောင်းများနှင့် ယွန်းပညာကောလိပ် (ပုဂံ) တို့တွင် ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်‌အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ဦးဆောင်၍ စီမံချက်ရေးဆွဲကာ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆေးဖျန်းခြင်းများဆောင်ရွက်ရာ ညောင်ဦးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေစင်ထိုက်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ ဦးဆောင်သောအဖွဲ့ဝင်များသည် ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ၊ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ အဖွဲ့များခွဲကာ ခြင်ကာကွယ်ခြင်းလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ အုတ်ကန်များ၊ ရေစည်ပိုင်းများထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ကားလေးဝပ်ရှော့၊ ကားကြီးဝပ်ရှော့ရှိ တာယာအဟောင်းများထဲရှိ ရေဆိုးရေပုပ်များ သွန်ခြင်းနှင့် ခြင်ခိုအောင်းပေါက်ဖွားနိုင်သည့် မြက်တောများ၊ ပေါင်းမြက်များ၊ ရှင်းလင်းပေးခြင်းဖြင့် ခြင်မှဖြစ်တတ်သည့်ရောဂါများ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အပတ်စဉ်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့်လည်း ကွင်းဆင်း၍ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများမဖြစ်အောင် ပညာပေးလုပ်ငန်းများ၊ လက်တွေ့လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ