သံတွဲမြို့၌ မော်ဒန်ကဗျာဆိုင်ရာ ရွတ်ဖတ်ဆွေးနွေးပွဲကျင်းပ

သံတွဲ ဇူလိုင် ၁၁

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် မော်ဒန် ကဗျာဆိုင်ရာ ရွတ်ဖတ်ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ရာ (Book Club) အဖွဲ့ အတွင်းရေးမှူး -၂ ဆရာစစ်ငြိမ်က မော်ဒန်ကဗျာဆိုင်ရာ ရွတ်ဖတ်ဆွေးနွေးပွဲ ကျင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များ၊ သံတွဲမြို့နယ်ရှိ မော်ဒန်ကဗျာ ဆရာများနှင့် ကဗျာချစ်မြတ်နိုးသူများက မိမိတို့ကိုယ်တိုင်ရေး ကဗျာများကို ရွတ်ဖတ်ပြီး ပြန်လည်ဝိုင်းဝန်းဆွေးနွေး အကြံပေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းပြည်ပ ကဗျာများနှင့် ကဗျာအနှစ်သာရများကို အသိပညာခြင်းဖလှယ် နှိုင်းယှဉ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုလို မော်ဒန်ကဗျာဆိုင်ရာ ရွတ်ဖတ်ဆွေးနွေးပွဲကိုကျင်းပရခြင်းမှာ ကဗျာဆရာများနှင့် ကဗျာချစ်သူများ နွေးထွေးချစ်ခင်ရင်းနှီးမှုများရရှိစေခြင်း၊ ကဗျာဆရာများ၏ အသိပညာ ဗဟုသုတများ တိုးပွါးကာ ကဗျာရေးသားမှုများ ပိုမိုတိုးတက်မှုရရှိစေရေးတို့အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆရာစစ်ငြိမ်က ပြောကြားခဲ့သည်။

ခရိုင်ပြန်/ဆက်