ရန်ကင်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၃၀ နာရီက မြို့နယ်စာရေးဆရာအသင်း(နာယက) စာရေးဆရာဦးစိုးမြင့်ဒွဏ်းနှင့် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း(နာယက) စာရေးဆရာဦးစိုးမြင့်ဒွဏ်းက အာဇာနည်ဟူသည်၊ လူပင်သေသော်လည်း နာမည်မသေခဲ့သည့်အာဇာနည်များ၊ ၁၉ ဇူလိုင်၏ မမေ့နိုင်စရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
သို့ဖြစ်ရာ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်အညွန့်အဖူးလေးများ အာဇာနည်ဆိုတာဘာလဲ၊ အာဇာနည်နေ့ဘယ်လိုဖြစ်ပေါ်လာသလဲ၊ အာဇာနည်ကိုးဦးကဘယ်သူတွေလဲ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တာဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ပြည်သူတွေရဲ့ရင်ထဲမှာ ဘာကြောင့်လွမ်းတသသဖြစ်နေခဲ့တာလဲ၊ ဘာ့ကြောင့်ယနေ့ထိတိုင် ဦးညွှတ်အလေးပြုကြရတာလဲဆိုသည့် အကြောင်းအရာများကို လူငယ်များသိရှိနားလည် သဘောပေါက်စေရန်ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးလမ်းညွှန်ချက်များနဲ့အညီ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင် (ပြန်/ဆက်)