တွံတေး စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ လက်ဘက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား ယမန်နေ့ကစ၍ နောက်ထပ် ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စက်တင်ဘာလ ၅ ရက်နေ့တွင် အသိ ပညာပေးနှိုးဆော်ထားပြီး ဖြစ်သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ထားချက်အား မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည် ဆိုင်များ၊ ထမင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဆွေး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)