ပင်းတယ ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များအား မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါတွင်းကာလ အဖိတ်နေ့ဖြစ်သည့် ယနေ့ဝါဆိုလပြည့်အဖိတ်နေ့၏ နံနက်အာရုံတက်ချိန် (ဇူလိုင်လ၊ ၁၁ ရက်နေ့ နံနက် ၄ နာရီခွဲ)ချိန်၌ သံဃာဒါနဆွမ်းလောင်းအသင်း၏ တတိယအကြိမ်မြောက် အာရုံဆွမ်းတော်လောင်းလှူကြသည်။
အဆိုပါ ဆွမ်းလောင်းလှူပွဲအားပင်းတယမြို့၊ မြို့နယ်ဓမ္မာရုံကြီးရှေ့၌၊ နံနက်အာရုံတက်ချိန်တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ၊ ရဟန်းနှင့်ရှင်သာမဏေများအား ဆွမ်းလောင်းလှူခဲ့ကြသည်။ ဆွမ်းလောင်းလှူခြင်းတွင် အလှူရှင်မိသားစုများဖြစ်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း+ဇနီးဒေါ်ခင်စန္ဒာစိုး၊ သား မောင်ဟိဏ်းသူရလင်းမိသားစုတို့၏ လှူဒါန်းမှုကုသိုလ် ဖြစ်ပြီး၊ မြို့နယ်ဝါတွင်းကာလအဖိတ်နေ့ သံဃာ့ဒါနဆွမ်းလောင်းအသင်းဥက္ကဋ္ဌနှင့် အသင်းသူအသင်းသားတို့ကအာရုံဆွမ်း၊ ဟင်းများကုသိုလ်ပြု လောင်းလှူခဲ့ခြင်းဖြစ်သည်။ ယနေ့အဖိတ်နေ့၊ ဆွမ်းလောင်းလှူပွဲတွင် ပင်းတယမြို့ပေါ် ရှိဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းမှ ဆရာတော်သံဃာအပါး (၃၄၇)ပါးအား ဆွမ်းလောင်းလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)