မိုင်းဖြတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းတို့သည် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောညိုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေအသိပညာနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြော၍ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို ရှင်းလင်းဟောပြောသည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို စာကြည့်တိုက်ကော်မတီဝင် တစ်ဦးပေးအပ်လှူဒါန်းပြီး ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်းအလေ့အကျင့်ကောင်းရရှိစေရန် စာဖတ်ဝိုင်းနှင့် အခမဲ့ စာအုပ်ငှါးရမ်းခြင်းကို ဆောင်ရွက်ပေးသည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းအကျဉ်း၊ အာဇာနည်ခေါင်းဆောင်များ၏အကြောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှု့ လေ့လာခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာကြသော စာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် စာကြည့်တိုက်ရှင်သန်ခိုင်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)