ပြင်ဦးလွင်မြို့တွင်  ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ 

ပြင်ဦးလွင် ဇူလိုင် ၁၀   

မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဉီးစီးဌာန ၊ ကော်ဖီ - ရာသီ သီးနှံဌာနခွဲ၊ ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက် ( ၉:၃၀ ) နာရီက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး  (၁၈)ရှိ မြန်မာ- ခါနန် ​​တောင်သူလယ်သမားနည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း ခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့်  သင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဉီးစွာ  စိုက်ပျိုးရေးဦးစီးဌာန၊  ကော်ဖီ - ရာသီ သီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဉီးမြင့်ဆွေမှ  ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်းဖွင့်ပွဲနှင့်  လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး  ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ    ဒုတိယ  ဗိုလ်မှူးကြီးမျိုးထက်ဝင်းမှ  ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအကြောင်း ရှင်းလင်းပြောကြားခဲ့၍ တာဝန်ရှိသူများမှ ကော်ဖီစိုက် တောင်သူများအား လုင်ငန်းသုံးပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး  ကော်ဖီစိုက်တောင်သူများကိုယ်စား   တောင်သူတစ်ဉီးမှ  ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ရေရှည်တည်တံ့သော  ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်းကို (၁၀-၇-၂၀၂၂ )  ရက်နေ့မှ (၁၂-၇-၂၀၂၂ ) ရက်နေ့အထိ သင်တန်းကာလ ( ၃ ) ရက်ဖြင့် နံနက် (၀၉:၀၀) နာရီမှ  ညနေ ( ၀၄:၀၀ ) နာရီအထိ  သင်တန်းနည်းပြဆရာများမှ  ကော်ဖီမျိုးများနှင့် ခကော်ဖီကြိုက်နှစ်သက်သော ရေ၊ မြေ၊ သဘာဝ၊ ပင်စည်ထိုးပိုးအန္တရာယ်နှင့် IPM   နည်းလမ်းဖြင့် ကာကွယ် နှိမ်နင်းနည်း၊ ကော်ဖီကိုင်းဖြတ် ပြုပြင်ပုံသွင်းနည်း၊ ကော်ဖီပျိုးခင်း တည်ထောင်ခြင်း၊ ကော်ဖီစိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း၊ ကော်ဖီတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ၊ အရည်အသွေးမြှင့် ကော်ဖီဆံ ကြိတ်ခွဲထုတ်လုပ်ခြင်း ၊ GAP  နည်းလမ်းဖြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ကော်ဖီခြံများလေ့လာရေး  စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြား ပို့ချလျက်ရှိရာ ပြင်ဉီးလွင်ဒေသရှိ ကော်ဖီစိုက်တောင်သူများ၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှ 

ကော်ဖီစိုက်တောင်သူများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကော်ဖီစိုက်တောင်သူများနှင့် ကရင်ပြည်နယ်မှ ကော်ဖီစိုက်တောင်သူများ၊ စုစုပေါင်း (၃၀)ဉီး  တက်ရောက်သင်ကြားလျက် ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရသိရှိရသည် ။

ခရိုင် (ပြန်/ဆက်)