လမ်းမတော် ဇူလိုင် ၁၀
သာသနာတော်နှစ်-၂၅၆၆ခုနှစ် ကောဇာသက္ကရာဇ်-၁၃၈၄-ခုနှစ်၊၂ဝ၂၂ခုနှစ်၊ဇူလိူင် ၁၀ရက် နံနက်(၅)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ဗုဒ္ဓဟူးညနေ တန်ဆောင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။
အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်မှ နိုင်ငံတော်ဗဟိုဝန်ဆောင် တိပိဋက ဩဝါဒါစရိယ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ သ. စ. အ (ဝဋံသကာ) ဘဒ္ဒန္တနာရဒါဘိဝံသထံမှ နဝင်္ဂသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြပြီး နဝကမ္မနှင့် လှူဖွယ်ပစ္စည်းကို ပြည်ထောင်စုရှေ့နေချုပ်(ငြိမ်း) ဦးထွန်းထွန်းဦးနှင့်ဇနီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တိုင်းဥပဒေအရာရှိတို့မှ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်းကျောင်းတိုက်မှ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် တိပိဋက ဩဝါဒါစရိယ စေတိယင်္ဂဏပဝရ သိရီမဟာ ဓမ္မဂုရုအဂ္ဂမဟာပဏ္ဍိ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ သ. စ. အ ဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါရဂူလှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသထံမှ ရေစက်ချတရားနာယူကြပြီးရေစက်ချအမျှ ပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။
ကျော်ဆန်းမြင့်