သီပေါမြို့၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ Facility Quarantine Centre အဖြစ် ပြင်ဆင်ဆောင်ရွက်

သီပေါ   စက်တင်ဘာ   ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် Facility Quarantine Centre အဖြစ် ပြင်ဆင် ဆောင်ရွက်ခြင်းကို နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ)၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဆရာတော် ဦးပညာသီရိ ဦးဆောင်သော သံဃာတော်များ၊ ရှင်သာမဏေများနှင့် ရေကြည်တော်ဝတ် အသင်းသားများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်း က သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ပြင်ဆင်ဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်သူများ Facility Quarantine Centre တွင်  အဆင်ပြေချောမွေ့စွာ ခေတ္တနေထိုင်နိုင်ရေး ဆေးရုံအတွင်း နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ထားရှိခြင်း၊  သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းနှင့် အကာများကာရံခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)