ဟိုပန် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသအတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီဖူလုံမှုရရှိစေရန်နှင့် တောင်သူများဝင်ငွေ ပိုမိုတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာနည်းပညာများအား အသိပညာပေးပြီး လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံနေကြာ သီးထပ်စိုက်ပျိုးခြင်းကို မော်ဟွေ့ကျေးရွာရှိ တောင်သူဦးစိုင်းအောင် ယာမြေကွင်းအမှတ် (၈)၌ ကွင်းဆင်းစိုက်ပျိုးပေးခဲ့သည်။
အဆိုပါ ယာမြေကွင်းအမှတ်(၈) နေကြာသီးနှံ စံပြကွက်တွင် မိုးဦးနေကြာသီးနှံကို ဧပြီလ ၁၉ ရက်နေ့က စတင်စိုက်ပျိုးခဲ့ရာ ဇူလိုင်လ ၇ ရက်နေ့တွင် ရိတ်သိမ်းခဲ့ပြီး ယနေ့ စိုက်ပျိုးခြင်းသည် မိုးလယ်ချိန်၌ နေကြာသီးနှံအား သီးထပ်စိုက်ပျိုးခြင်း ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
နေကြာသီးနှံ သီးထပ်စိုက်ပျိုးရာတွင် ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများက တောင်သူများကို မိုးနေကြာ ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)