e-Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်

ပျဉ်းမနား ဇူလိုင် ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ ပြည်သူ့စာကြည့်တိုက်များအား Digital Library စနစ်သို့အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး  E-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီခွဲတွင် ပျဉ်းမနားမြို့နယ်လူထုအခြေပြု ဗဟိုဌာန၌ကျင်းပသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာများနှင့်အညီ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software ကို ခရိုင်နှင့် မြို့နယ်များတွင် လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်ကြရတော့မည် ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများ အနေဖြင့် စာကြည့်တိုက်နှင့် စာကြည့် တိုက်မှူးများအခန်းကဏ္ဍ မြှင်တင်နိုင်ရေးအတွက် အရည်အသွေးမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများ စတင်ဆောင်ရွက်ကြရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်တန်းတက်ရောက်ပြီးကြသည့် ဒုတိယဦးစီးမှူးများက ကွန်ပျူတာအခြေခံကျွမ်းကျင်တတ်မြောက်သည့် ဝန်ထမ်းများကို  e-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနှင့် ဇမ္ဗူသီရိမြို့နယ်များမှ ကွန်ပျူတာ အခြေခံတတ်မြောက်ပြီးကြသည့် ဝန်ထမ်း(၁၁)ဦးတို့ တက်ရောက်လျက်ရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း e-Library Management System Software အသုံးပြုနည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)