ကွမ်းခြံကုန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် အနီးကပ်ထိတွေ့မှုရှိ/မရှိ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ယခုလ (၇)ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့က မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သော တော်ပုလွဲရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်မှုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါင်းဆောင် ၍ ကျန်းမာရေးဝန်ထမ်း(၃)ဦး၊ ရပ်ကွက်စာရေး၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၄)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့က ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်ထောင်စုဝင်တိုင်းအား ကိုယ်ပူ ချိန်တိုင်းခြင်း၊ ခရီးသွားလာမှု ရှိ/မရှိ စစ်ဆေးပြီး မှတ်တမ်းယူခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအား လိုက်နာကြရန်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ရာ တော်ပုလွဲရပ်ကွက်အတွင်း ရှိ အိမ်ထောင်စု(၃၈၁)စုရှိ လူဦးရေ(၁၂၃၁)ယောက် အား ကျန်းမာရေးစစ်ဆေးမှုအဖြစ် ကိုယ်ပူချိန်တိုင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၄၃)အုပ်စုရှိပြီး စက်တင်ဘာ (၇)ရက်နေ့မှစ၍ ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)